တူနာဆူရှီ တစ်ဆက်လုံးကိုမှ ယန်း ၉၅၀ ပဲကျတဲ့ Machi no Minato

1,519

အားလုံးပဲ မင်္ဂလာပါ။ ကျွန်မတို့တွေ တိုကျိုမှာ လျှောက်သွား၊ ဈေးဝယ်၊ လျှောက်စားလာတာလည်း တော်တော်ကြာခဲ့ပါပြီ။ ဒါကြောင့် ဒီနေတော့ စာရေးသူက တိုကျိုရဲ့အပြင်ဘက် အိုဆာကာက Whity Umeda area ကို ခေါ်သွားချင်ပါတယ်။ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ shopping area တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးဆိုင်တွေကြားမှာ မြုပ်နေတဲ့ ဆူရှီဆိုင်သေးသေးလေးကိုတော့ သိပ်မသိကြပါဘူး။ လတ်ဆတ်တဲ့ ပင်လယ်စာ၊ သင့်တင့်တဲ့ဈေးနှုန်း၊ ဖော်ရွေတဲ့ ဆက်ဆံမှုတွေနဲ့ ဒီဆိုင်လေးက အရသာလည်း ကောင်းမွန်ပြီး သင်ပေးလိုက်ရတဲ့ ငွေပမာဏထက် သာလွန်တဲ့ စိတ်ကျေနပ်မှုကို ရရှိစေမှာပါ။1ကျွန်မ ဒီလောက်အကြာကြီး မိတ်ဆက်ပေးခဲ့တဲ့ ဆိုင်ရဲ့အမည်က Machi no Minato လို့ခေါ်ပါတယ်။2ဈေးနှုန်းဆိုင်းဘုတ်ကို တွေ့လိုက်တော့ ကျွန်မ ခဏလောက် မင်သက်သွားပါတယ်။ ဘယ်လိုပြောရမှန်းတောင် မသိပါဘူး၊ အသင့်စား ဂျပန်စတိုင် ထမင်းဗူးတွေက ယန်း ၅၀၀၊ ၆၀၀ ကနေ ၁၀၀၀ လောက်ရှိပါတယ်။ ငါးနဲ့ ငါးဥတွေက ကြီးမားပြီး အတုတွေလားထင်ရလောက်အောင် လှပလတ်ဆတ်နေတာကြောင့် ဈေးနှုန်းက တန်တယ်လို့ ပြောချင်ပါတယ်။3ထမင်းဗူးဈေးနှုန်းတွေ ကြည့်ပြီးတဲ့နောက် တခြားမီနူးတွေရော ဈေးကြီးလား သိချင်တာကြောင့် ဆက်ကြည့်မိပါတယ်။ ဒုတိယအကြိမ် မင်သက်သွားမိပြန်ပါရော။ ဆူရှီဈေးနှုန်းတွေက တော်တော်သင့်တင့်ပါတယ်။ တစ်ဆက်လုံးကို ယန်း ၉၅၀ ပဲကျပြီး တူနာတောင် ပါလိုက်ပါသေးတယ်။ ကျွန်မ မစောင့်နိုင်တော့လို့ ၂ ယောက်စာ နေရာယူလိုက်ပါတယ်။ အစားသောင်းကြမ်းတဲ့ ကျွန်မညီမလည်း ပါတာကိုး။ (အမှန်တော့ နှစ်ယောက်လုံး အစားသောင်းကြမ်းတာပါပဲ၊ ဟားဟား)။ နေရာရတာနဲ့ ချက်ချင်းကို မှာတော့တာပါပဲ။4ကောင်းတာတစ်ခုက ဆူရှီနဲ့အတူ မီဆိုဟင်းရည်ပါ တွဲလျက်ပါပြီး သောက်ရေကိုလည်း ကောင်တာမှာ ထားပေးတာကြောင့် ငွေအပိုကုန်စရာ မရှိပါဘူး။5ဆူရှီရောက်လာတာနဲ့ ကျွန်မ အရင်ဆုံး ဘယ်ဟာစားလဲ ခန့်မှန်းကြည့်ပါလား? သေချာပေါက် တူနာဘဲပေါ့! ပထမ တစ်ကိုက်ကိုက်လိုက်တာနဲ့ နူးညံ့တဲ့အရသာက ပါးစပ်ထဲမှာ ပျော်ဝင်သွားပါတယ်။ ထမင်းလေးကိုက နူးညံ့ပြီး အရသာရှိပါတယ်။ ကျွန်မ အရမ်းကြိုက်ပါတယ်။ ကျွန်မအိမ်က အိုဆာကာနဲ့သာ နီးတယ်ဆိုရင် နေ့တိုင်းတောင် လာစားမိမယ် ထင်ပါတယ်။6တကယ်တော့ ဆူရှီက စားပုံစားနည်း ရှိပါတယ်။ ကိုယ်စားချင်တာကို အရင်စားလိုက်တာမျိုး မဟုတ်ပါဘူး။ အဖြူရောင်ရှိတဲ့ ငါးတွေက သိပ်အရသာမရှိဘဲ အဆီများတယ်လို့ ဂျပန်တွေက ပြောကြပါတယ်။ ဒါကြောင့် ဆူရှီစားရင် အဖြူရောင် ငါးတွေကို အရင်စားပြီးမှ အနီရောင်ရှိတာတွေကို တစ်ဆင့်ချင်းတိုးပြီး အနီဆုံးကို နောက်ဆုံးမှ စားသင့်ပါတယ်။ ဒါက မှန်ကန်တဲ့ ဆူရှီစားနည်း ဖြစ်ပါတယ်။ ဒီလိုစားတာက ငါးတစ်မျိုးချင်းစီရဲ့ အရသာကို အပြည့်အဝရရှိနိုင်တယ်လို့ ပြေကြပါတယ်။ ကျွန်မလည်း တသက်လုံး စားချင်သလို စားခဲ့ပြီး အခုမှဘဲ ဒီနည်းကို သိပါတော့တယ်၊ ဟားဟား။7ဒီဆိုင်က တကယ်စားကောင်းတဲ့ ဆိုင်တစ်ခုပါလို့ ပြောချင်ပါတယ်။ ဂျပန်လူမျိုး တော်တော်များများ လာရောက်စားသုံးကြပါတယ်။ ကျွန်မ စားနေတုန်းမှာလည်း သတိထားမိသလောက်တော့ နိုင်ငံခြားသားတွေ သိပ်မတွေ့ပါဘူး။ အားလုံးလိုလိုက ဂျပန်လူမျိုးတွေပါပဲ။ ပြီးတော့ ဈေးဝယ်ထွက်လာတဲ့ လူငယ်တွေ မဟုတ်ဘဲ အများစုက လူကြီးပိုင်းတွေ ဖြစ်ပါတယ်။ဒီဆူရှီဆိုင်လေးက အိုဆာကာရဲ့ ဈေးလမ်းဖြစ်တဲ့ Whity White Umeda မှာ တည်ရှိပါတယ်။ အိုဆာကာကို လာတဲ့သူတိုင်း ဒီဆိုင်မှာ သွားစားဖို့ တိုက်တွန်းချင်ပါတယ်။ တကယ်ကို တန်ပြီး စားကောင်းလို့ပါ။ ကျွန်မ အခု ဒီအကြောင်းကို ရေးနေရင်းနဲ့တောင် ဓာတ်ပုံတွေပြန်ကြည့်မိပြီး အရမ်းကို ပြန်သွားစားချင်လာပြီ။ ကျွန်မ အဲဒီဆိုင်မှာ သွားစားတုန်းက အရမ်းကိုကောင်းလွန်းလို့ မျက်ရည်တောင် ကျချင်မိပါတယ်။ ဒါကြောင့် အားလုံးကို သွားစားဖြစ်အောင်စားဖို့ တိုက်တွန်းနေရတာပါ။များသောအားဖြင့် ပါဆယ်ဝယ်ကြတာ ဖြစ်ပေမယ့် ဆိုင်မှာထိုင်စားဖို့ နေရာလည်းရှိပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ကျွန်မ မှတ်မိသလောက် ၅ ခုံလောက် ရှိမယ်ထင်ပါတယ်။ ဒါကြောင့် အေးအေးဆေးဆေး အကြာကြီးထိုင်လို့တော့ အဆင်မပြေပါဘူး။ ကိုယ့်နောက်မှာ စောင့်နေတဲ့လူတွေ ရှိမရှိကို ကြည့်သင့်ပါတယ်။ ဒါမှမဟုတ်လည်း ဝယ်ပြီး ဟိုတယ်မှာ ပြန်စားလို့လည်း ရပါတယ်။8မကြာသေးခင်ကမှ ကျွန်မသိလိုက်တာက Google maps မှာ တည်နေရာရှာတာက အရမ်းကို အဆင်ပြေတယ်ဆိုတာပါပဲ။ လိပ်စာကိုဘဲ ကြည့်ပြီး ရှာရင်တော့ ဆိုင်ကိုရှာတွေ့ဖို့ ခက်ပါတယ်။ တည်နေရာကို ကူးပြီး Google maps မှာ ရိုက်ထည့်လိုက်တာနဲ့ ကျွန်မလမ်းညွှန်တဲ့အတိုင်း ရှာတွေ့မှာပါ။ ဆိုင်ရဲ့ မြေပုံတည်နေရာကတော့ 34°42'28.9"N 135°29'42.8"E ပါ။"Whity Umeda" နေရာကို မသိတဲ့သူတွေအတွက် နည်းနည်းလောက် ပြောပြချင်ပါတယ်။ ဒါက Umeda station ရှေ့မှာရှိတဲ့ မြေအောက်ဈေးဝယ်စင်တာကြီး ဖြစ်ပါတယ်။ အဝတ်အစား၊ အသုံးအဆောင်၊ ဖိနပ်၊ အလှကုန်ဆိုင်တွေနဲ့ ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ရှိပြီး ၁၉၆၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာပါ။ ၁၉၈၇ ခုနှစ်က ပြန်လည်ပြုပြင်တဲ့အချိန်မှာ ဆိုင်ခန်းအားလုံးနဲ့ စင်တာတစ်ခုလုံးကို အဖြူရောင်တွေဘဲ အသုံးပြုပြင်ဆင်ခဲ့တာကြောင့် White City လို့ အမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။Whity Umeda shopping mall ကို အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ Petit Shan mall ဆိုပြီး အပိုင်းတွေ ခွဲခြားသတ်မှတ်ထားပါတယ်။ မြောက်ပိုင်းမှာက စားသောက်ဆိုင်တွေ တည်ရှိပြီး အရှေ့ပိုင်းမှာတော့ ရှိုးပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ဒီကို ဈေးလာဝယ်ကြတဲ့ လူဦးရေက တစ်နေ့ကို လူခြောက်သိန်းလောက်တောင် ရှိပါတယ်။ မယုံနိုင်လောက်အောင်ပါပဲ။ အိုဆာကာကိုရောက်ပြီး ဒီကို မလာဖြစ်ရင်တော့ တကယ်ကို နှမြောစရာကောင်းပါတယ်။ဆူရှီအကြောင်းတွေ ဖတ်ပြီးတော့ ဗိုက်ဆာပြီး ခေါက်ဆွဲတွေ သွားပြုတ်မနေနဲ့နော်။ အခု တော်တော်တောင် ညဥ့်နက်နေပြီ၊ ဟီးဟီး။အားလုံးပဲ ဒီကို ပျော်ပျော်ပါးပါး လာရောက်လည်ပတ်နိုင်ပါစေလို့ ချစ်ခြင်းများစွာဖြင့် ဆုတောင်းပေးလိုက်ပါတယ်ရှင်။