စည်းကမ်း
ဂျပန်ပြည်မှ သင်ယူစရာကို ရေးရင်းနဲ့ ဒီနိုင်ငံရဲ့ စည်းကမ်းအကြောင်း ရေးရမယ်ဆိုတော့ ပြောစရာတွေက တပုံတပင် ဗျ....ပြောချင်တာလည်း အများကြီး....ဒါပေမယ့် ...တတ်နိုင်သမျှ ချုံ့ပြီး ရေးပါ့မယ်ဗျာ...စည်ကမ်းဆိုတာ ဥပဒေ၊ ဥပဒေဆိုတာ စည်းကမ်း ဆိုတဲ့ စကားနဲ့ အညီ ဂျပန်လူမျိုးတွေ စည်းကမ်း ကို အထူးအလေးထားကြတယ် ....စည်းကမ်း ရှိကြတယ်...(ဒါပေမယ့် ဆရာ သုခသား ပြောသလို စုန်းပြူးလေးတွေတော့ ရှိတတ်တာပေါ့လေ...)ဘယ်နေရာ ဖြစ်ဖြစ် တန်းစီတာ...ဘူတာရုံမှာ ရထားစောင့်ရင်း စနစ်တကျ တန်းစီတာ...ဓါတ်လှေကား၊ စက်လှေကားတွေမှာ တန်းစီ စနစ်နဲ့ သွားတာ...လမ်းမတွေမှာ ကားတွေစနစ်တကျ တန်းစီကြတာ( အရေးပေါ်ကား သွားချင်ရင် ကားခေါင်းလေး ယိမ်းပေးရုံနဲ့ လမ်းလယ်က ကားတစ်စီး ကောင်းကောင်း သွားလို့ ရပါတယ်)စားသောက်ဆိုင်တွေမှာ တန်းစီနေကြတာ...စသဖြင့် ပေါ့ဗျာ....

အဲဒီလို စနစ်တကျ တန်းစီတဲ့ အတွက် ပြဿနာ အတော်များများကို ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်...ကိုယ်အရေးကြီးသလို သူများလည်း အရေးကြီး မှာပဲဆိုတဲ့ စိတ်၊ ကိုယ်ဆာနေသလို သူများလည်း ဆာနေရှာမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး တစ်ခု ရှိတာနဲ့ ပြဿနာ အတော်များများ ဖြေရှင်းပြီးသား ဖြစ်သွားတယ်...တိုးဝှေ့ပြီး လုကြလို့ အချိန်ပိုကြာ လူပမ်းတာ၊ သူ့ကားက ခေါင်းထွက် ဒီကားက ကျော် ပြီး လမ်းတွေပိတ် ရှင်းမရတဲ့ ပြဿနာတွေကို ရှင်းပြီးသား ဖြစ်သွားပါတယ်...အမှိုက် စံနစ်တကျ ပစ်တာ...အမှိုက် မှာ အကြမ်းအားဖြင့် မီးရှို့ရမဲ့ အမှိုက်နဲ့ မီးရှို့ မရတဲ့ အမှိုက်ဆိုပြီး နှစ်မျိုးခွဲပြီး ပစ်ကြတယ်....စားကြွင်းစားကျန် အမှိုက်စိုတွေကို မီးရှို့ ပြီး လျှပ်စစ်ပြန်ထုတ်တယ်....မီးရှို့ မရတဲ့ အမှိုက်ကတော့ ရီဆိုင်ကယ် အဖြစ်ပြန်သုံးကြတယ်....(ရီဆိုင်ကယ်ကတော့ ကျွန်တော်တို့ တောရွာတွေမှာလည်း ရှိပါတယ်...Coca-Cola ပုလင်းခွံကို ရေနံဆီပုလင်း လုပ်တာ၊ နို့ဆီဘူးခွံကို ဆန်ချိန်တာ၊ ပိုးသတ်ဆေး ဘူးခွံ ကို ရေနွေးနဲ့ဆေးပြီး သောက်ရေဘူး လုပ်တာ...စသဖြင့်ပါပဲ)ဆိုလိုတာက သူတို့ရဲ့ စနစ်က အမှိုက်ကို စနစ်တကျ ပစ်၊ စနစ်တကျယူပြီး အမှိုက်ထဲက ရွှေဖြစ်အောင် လုပ်တာပါပဲ....

နှုတ်စည်းကမ်း စောင့်ထိန်းတာ...ဂျပန်လူမျိုးတွေရဲ့ ကောင်းတဲ့ အချက်က လူလူချင်း သိတ်စပ်စုတယ် မရှိဘူးဗျ...သူ့အလုပ်သူ လုပ်၊ ကိုယ့်အလုပ်ကိုလုပ် နေကြတာပဲ...တနေ့က ကျွန်တော် အလုပ်က ပြန်လာတော့ ညတစ်နာရီ ...ဘူတာက အထွက်မှာ မိန်းကလေးတစ်ယောက် အတော်မူးနေတယ်ဗျ....သောကြာ ညတွေမှာ မြင်တွေ့နေရတဲ့ မြင်ကွင်းမျိုးပါပဲ...တော်တော် ဒယီးဒယိုင်နဲ့ အားတင်းပြီး လျှောက်နေရပုံပဲ...ကျွန်တော့်အိမ်ရှေ့ Family Mart ဆိုင်ရှေ့မှာ ကောင်လေးသုံးယောက်က ဘီယာဗူးလေးတွေ ကိုယ်စီနဲ့ သောက်နေကြတယ်..ညသန်းခေါင်ကျော် အချိန် ကောင်မလေးက တစ်ယောက်တည်း ...အရမ်းမူးနေတယ်...ကောင်လေးတွေက သောက်နေကြတယ်...ဘာဖြစ်မယ် ထင်ကြပါသလဲ...ဘာမှ မဖြစ်ပါဘူး...ကောင်မလေးက ဆက်လျှောက်သွားသလို ကောင်လေးတွေကလည်း စကားပြောမပျက် အသောက်မပျက်ပါဘူး။

ကျွန်တော် တွေးမိတယ်...ကျွန်တော်တို့ အမျိုးတွေ ဆီမှာဆိုရင်တော့လား...'ကောင်လေးတွေ ပါးစပ်နဲ့တင် ကောင်မလေး လေဥ ဥ ရချည့်ရဲ့'....ကျွန်တော်တို့ မှာတော့ ကောင်းပေ့ဆိုတဲ့ နီတိတွေ ရှိတယ်...ဒါပေမယ့် စာအုပ်ထဲမှာပဲ ထားခဲ့ကြတယ်...အကောင်းဆုံး ဆိုတဲ့ တရားတွေရှိတယ်...တရားနာပြီး မေ့လိုက်ကြတယ်...ဆင်းရဲကြတော့ စားဖို့ တစ်ခုပဲ ကြည့်နေရပြီး ကိုယ်ချင်းစာတတ်တဲ့ နှလုံးသားတွေ မဲ့ကုန်တယ်....ကျွန်တော်တို့ တောင့်တနေကြတဲ့ ဒီမိုကရေစီ...ကို လူတစ်ယောက်ချင်းစီရဲ့ စိတ်ဓါတ်အခြေခံ စည်းကမ်း မပြင်သရွေ့ အလှမ်းဝေးနေဦးမှာပါပဲ...အမှိုက် ပစ်ချင်သလိုပစ်၊ ကားမောင်းချင်သလို မောင်း နေရတာ ဒီမိုကရေစီ ရတာ မဟုတ်ပါဘူး....ပြောချင်သလို ပြော၊ ဆဲချင်သလို ဆဲနေရတာလည်း ဒီမိုကရေစီ မဟုတ်ပါဘူး....။ ဒီမိုကရေစီ ဆိုတာ...လူသားတိုင်း စည်းကမ်းတကျနဲ့ သာယာနေပျော်တဲ့ လူ့အဖွဲ့အစည်းတစ်ခု အဖြစ် ထူထောင်နိုင်မှ ဒီမိုကရေစီ မည်ပါလိမ့်မယ် ဗျာ....။မင်းယျာ